၂၀၂၁ ဒီဇင်ဘာလ ၂ ရက်ဟာ ယူအေအီးနိုင်ငံကိုတည်ထောင်ခဲ့တာ ရွှေရတု အထိမ်းအမှတ် နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီး တိုးတက်မှုတို့ဖြင့် ထွန်းပနေသော ခေတ်မီနိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိနေလေပြီ။ နှစ်ပေါင်း ၅၀ အတွင်း ပုလဲငုပ်တဲ့ ငါးဖမ်းခဲ့တဲ့ ဆင်းရဲတဲ့နိုင်ငံလေးကနေ အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်အောင် ရေနံ တစ်ခုတည်းက ကူညီပေးခဲ့တာ မဟုတ်ပဲ အနာဂတ်အမျှော်အမြင် စီးပွားရေးပန်းတိုင်နဲ့ ဥပဒေတွေကနိုင်ငံကို တိုးတက်အောင် ပြုလုပ်ပေးခဲ့ပြီး သဲကန္တာရ မှနေ မိုးမျှော် အဆောက်အဦးပေါင်းများစွာပိုင်ဆိုင်တဲ့ နိုင်ငံရဲ့သမိုင်းကြောင်းဟာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။
ကြမ်းတမ်းသော သဲကန္တာရ ပတ်ဝန်းကျင်မှ နေ၍ လှည့်လည်သွားလာနေသော လူမျိုးစုများ ဖြစ်ကြပြီး အသက်ရှင်နေထိုင်ရေး အတွက် တိရစ္ဆာန် မွေးမြူခြင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် အမဲလိုက်ခြင်း စသည့် အမျိုးမျိုးသော အလုပ်များကို လုပ်ကိုင်ကြသည်။ ထိုအုပ်စုတို့ ရာသီအလိုက် ပြောင်းရွှေ့နေထိုင်မှုမှ စ၍ အုပ်စုအချင်းချင်း မကြာခဏ ပဋိပက္ခ ဖြစ်ပွာလေ့ ရှိရာမှ ရာသီ အလိုက် သို့မဟုတ် ရာသီတစ်ခု ၏ တစိတ်တဒေသ နေထိုင်ရာ နေရာများ ရှိလာခဲ့ကြသည်။ ၎င်းတို့၏ လူမျိုးစု အဖွဲ့များကို ဖွဲ့စည်းကြပြီး အဘူဒါဘီရှိ ဘာနီရပ်စ်(Bani Yas) နှင့် အယ်ဘူဖာလာ(Al Bu Falah) ကမ်းရိုးတန်းရှိ အယ်လ်အိန်(Al Ain)၊ လီဝါ နှင့် အယ်လ်ဘာရိန်း၊ ကုန်းတွင်းပိုင်းရှိ ဒဝါဟီယာ (Dhawahir)၊ အဝါမီယာ(Awamir) နှင့် မနာဆီယာ(Manasir)၊ အရှေ့ဘက် ကမ်းရိုးတန်းရှိ ရှာကိုင်ရင်(Sharqiyin) နှင့် မြောက်ဘက်ရှိ ကာဝါဆင်(Qawasim) တို့ အပါအဝင် အချို့သော အစုအဖွဲ့ အမည်များမှာ ယနေ့ခေတ် အမ်းမရိတ်နိုင်ငံသားများ ဆက်လက်အသုံးပြုနေကြဆဲဖြစ်သည်။
၁၆ရာစုသို့ ရောက်သော အခါတွင် ကမ်းရိုးတန်းရှိ ဆိပ်ကမ်းများနှင့် ဒေသတွင်းရှိ လူဦးရေ၏ အချို့တဝက်မှာ အော့တိုမန်အင်ပိုင်ယာ၏ လွှမ်းမိုးမှုအောက်တွင် တိုက်ရိုက် ကျရောက်လျက် ရှိသည်။ ၁၇ ရာစုတွင် ယနေ့ခေတ် အဘူဒါဘီ ဟုခေါ်သော နေရာတွင် တည်ရှိခဲ့သော အားကောင်းသော အဖွဲ့အစည်းမှာ ဘာနီရပ်စ် ကွန်ဖက်ဒရေးရှင်း ဖြစ်သည်။ ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများ အပေါ် ပေါ်တူဂီတို့မှ ဩဇာလွှမ်းမိုးမှု ရှိခဲ့ပြီး အထူးသဖြင့် အရှေ့ဘက် ကမ်းရိုးတန်းရှိ မူစကက်(Muscat)၊ ဆိုဟာ(Sohar) နှင့် ခိုရ်ဖာကန်(Khor Fakkan) တို့တွင် ဖြစ်သည်။ ၁၆ ရာစုတွင် ကမ်းရိုးတန်းနေ လူမျိုးစုများအပေါ် အယ်ဘူကာကီ(Albuquerque) နှင့် ၎င်းနောက်မှလိုက်သော ပေါ်တူဂီတပ်မှူးများမှ သွေးလွှမ်းသော တိုက်ပွဲများဖြင့် အောင်မြင်ခဲ့ပြီးနောက် ခံတပ်များတည်ဆောက်ခဲ့ကြသည်။
ပါရှန်းပင်လယ်ကွေ့၏ တောင်ပိုင်း ကမ်းရိုးတန်းကို ဗြိတိသျှတို့က ပင်လယ်ဓားပြ ကမ်းရိုးတန်း အဖြစ် သတ်မှတ်ခဲ့ကြသည်။ အကြောင်းမှာ ထိုဒေသတွင် အခြေစိုက်သော အယ်လ်ကာဝါဆင်တို့၏ လှေများက ဗြိတိသျှ အလံတင်ထားသော သင်္ဘောများကို ၁၇ ရာစုမှ ၁၉ ရာစု အထိ အနှောက်အယှက် ပေးခဲ့သောကြောင့်ဖြစ်သည်။ အိန္ဒိယ ကုန်သွယ်ရေးကို ဓားပြတိုက် နှောက်ယှက်သူများ၏ ဘေးရန်မှ ကာကွယ်ရန်အတွက် ရပ်စ်-အယ်လ်-ခိုင်းမား(Ras Al Khaimah) မှ စခဲ့သော စစ်ဆင်ရေးမှ အစပြု၍ ၁၈၀၉ ခုနှစ်တွင် ဌာနချုပ်နှင့် ကမ်းရိုးတန်း တလျှောက်ရှိ သင်္ဘောဆိပ်များကို ၁၈၀၉ ခုနှစ်တွင် တစ်ကြိမ် ၁၈၁၉ ခုနှစ်တွင် တစ်ကြိမ် ဆိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နှစ်တွင် ဗြိတိသျှတို့နှင့် ဒေသခံအုပ်ချုပ်သူ အချို့တို့ ပါရှန်းပင်လယ်ကွေ့ တလျှောက်ရှိ ပင်လယ်ဓားပြများကို တိုက်ခိုက်ရန်အတွက် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ရာမှတဆင့် ကမ်းရိုးတန်းရှိ စော်ဘွားတိုင်းပြည်များ၏ အနေအထားကို ဖော်ပြသော ထရူရှယ်တိုင်းပြည်များ (Trucial States) ဆိုသော အသုံးအနှုန်း ပေါ်ပေါက်လာခဲ့သည်။ ၁၈၄၃ နှင့် ၁၈၅၃ တို့တွင် နောက်ထပ်စာချုပ်များ ထပ်မံ ချုပ်ဆိုခဲ့ကြသည်။
ပြင်သစ်နှင့် ရုရှားနိုင်ငံ အစရှိသော အခြားသော ဥရောပနိုင်ငံများ၏ ရည်ရွယ်ချက်ကို တုံ့ပြန်ရန် အတွက် ဗြိတိသျှတို့နှင့် ထရူရှယ် စော်ဘွားနိုင်ငံများသည် ၁၈၉၂ ခုနှစ် စာချုပ်တွင် ဆက်ဆံရေး ပိုမိုနီးကပ်စွာ တည်ဆေက်ခဲ့ကြပြီး ဗြိတိသျှတို့ အနေနှင့် အခြားသော ပါရှားပင်လယ်ကွေ့ နိုင်ငံများနှင့်လည်း အလားတူ စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ စော်ဘွားများမှ ၎င်းတို့၏ နယ်မြေများကို ဗြိတိသျှတို့မှ အပ အခြားသူများအား မပေးအပ်ရန်နှင့် ဗြိတိသျှတို့၏ သဘောတူညီချက် မပါဝင်ဘဲ အခြားသောနိုင်ငံခြား အစိုးရများနှင့် ဆက်ဆံခြင်း မပြုရန် သဘောတူခဲ့ပြီး ဗြိတိသျှ တို့မှလည်း ထရူရှယ်နိုင်ငံများ၏ ကမ်းရိုးတန်းအား ပင်လယ်မှ ဝင်ရောက်တိုက်ခိုက်ခြင်းကို အကာအကွယ်ပေးရန်နှင့် ကုန်းမြေပေါ်မှ တိုက်ခိုက်လာပါကလည်း အကူအညီပေးရန် ကတိပြုခဲ့သည်။ ထိုသီးသန့် သဘောတူညီချက်ကို အဘူဒါဘီ၊ ဒူဘိုင်း၊ ရှာဂျား(Sharjah)၊ အက်ဂျ်မန်(Ajman)၊ ရပ်စ်-အယ်လ်-ခိုင်းမား (Ras Al Khaimah)နှင့် အွမ်-အယ်-ကူဝိန်း(Umm Al Quwain)တို့အား အုပ်ချုပ်သူများမှ ၁၈၉၂ ခုနှစ် မတ်လ ၆ ရက်မှ ၈ ရက်ကြားတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်အား အိန္ဒိယဘုရင်ခံနှင့် လန်ဒန်ရှိဗြိတိသျှ အစိုးရတို့မှ ဆက်လက်၍ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗြိတိသျှတို့၏ ပင်လယ်ပြင် စောင့်ကြပ်ပေးမှုကြောင့် ပုလဲရှာ လှေများ အနေနှင့် အတန်အသင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ခဲ့သည်။ သို့သော် ဗြိတိသျှတို့မှ ကျွန်ကုန်သွယ်မှုကို တားမြစ်ထားသဖြင့် အချို့သော စော်ဘွားများ နှင့် ကုန်သည်များအတွက် အရေးကြီးသော ငွေရပေါက်ရလမ်းတစ်ခု ပိတ်သွားခဲ့သည်။ ပင်လယ်ဓားပြမှုများနှင့် ပတ်သက်သော စွပ်စွဲချက်ကို ခေတ်သစ် အီမရိတ် သမိုင်းပညာရှင်တို့က ငြင်းဆိုခဲ့ပြီး ယခုလက်ရှိ ရှာဂျား၏ စော်ဘွားမှလည်း ၎င်း၏ ၁၉၈၆ ခုနှစ်ထုတ် စာအုပ် "ဆန်းကြယ်သော အာရပ် ပင်လယ်ဓားပြမှုများ"တွင် ငြင်းဆိုထားခဲ့သည်။
၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းတွင် ပုလဲရှာဖွေရေး လုပ်ငန်းမှာ ဖွံ့ဖြိုးလာခဲ့ပြီး ပါရှန်းပင်လယ်ကွေ့တွင် နေထိုင်သူများ အတွက် ဝင်ငွေနှင့် အလုပ်အကိုင်ရရှိစေခဲ့သည်။ ပထမကမ္ဘာစစ် ဖြစ်ပွားခြင်းကြောင့် ထိုလုပ်ငန်းကို ကြီးမားစွာ ထိခိုက်စေခဲ့သော်လည်း အဓိကအားဖြင့် ထိုလုပ်ငန်း ကွယ်ပျောက်သွားရသည့် အကြောင်းမှာ ၁၉၂၀ ခုနှစ် နှောင်းပိုင်းနှင့် ၁၉၃၀ ခုနှစ်များ အတွင်း ဖြစ်ပွားခဲ့သော ငွေကျုံ့ခြင်း နှင့် ပုလဲမွေးမြူရေးလုပ်ငန်းများ ပေါ်ပေါက်လာခြင်းကြောင့်ဖြစ်သည်။ ကျန်ရှိနေသေးသော လုပ်ငန်းများမှာ ဒုတိယကမ္ဘာစစ်အပြီး မကြာမီတွင် လွတ်လပ်ရေး ရပြီးခါစ အိန္ဒိယအစိုးရသစ်မှ ပါရှားပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများမှ တင်ပို့သောပုလဲများကို အခွန်အတုပ်ကြီးမားစွာ ကောက်ခံခြင်းကြောင့် ကွယ်ပျောက်သွားခဲ့သည်။ ပုလဲလုပ်ငန်း ကျဆင်းခြင်းကြောင့် ထရူရှယ်နိုင်ငံများတွင် ကြီးစွာသောစီးပွားရေး အကျပ်အတည်းနှင့် တွေ့ကြုံခဲ့ရသည်။
ဗြိတိသျှတို့က စော်ဘွားနယ်များအတွင်းရှိ အသေးစား ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီရန်အတွက် ဒေသဖွံ့ဖြိုးရေး ရုံးတစ်ရုံးအား ဖွင့်လှစ်ခဲ့သည်။ စော်ဘွားနယ်များအတွင်းမှ စော်ဘွား ၇ ယောက်တို့က ၎င်းတို့အကြားရှိ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် ကောင်စီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးရေးရုံးအား လွှဲပြောင်းရယူခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ထရူရှယ်နိုင်ငံများကောင်စီကို ဖွဲ့စည်းခဲ့ပြီး ဒူဘိုင်းစော်ဘွား ရာရှစ်၏ ဥပဒေ အတိုင်ပင်ခံ အဒီဘီတာ ( Adi Bitar) အား ကောင်စီ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥပဒေအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စုကို တည်ထောင်ပြီးနောက်တွင် ကောင်စီကို ဖျက်သိမ်းခဲ့သည်။ လူမျိုးစု အသွင်သဏ္ဌန် နေထိုင်ကြသော လူ့အဖွဲ့ အစည်း ပုံစံနှင့် စော်ဘွားနယ်များ အကြားတွင် နယ်နိမိတ် မရှိခြင်းကြောင့် အငြင်းပွားမှုများ မကြာခဏ ဖြစ် ပွားလေ့ ရှိပြီး ညှိနှိုင်းမှုဖြင့်ဖြစ်စေ ရှားရှားပါးပါးအင်အားသုံး၍ဖြစ်စေ ဖြေရှင်းလေ့ ရှိသည်။ ဗြိတိသျှတို့က ထရူရှယ် အိုမန် စကောက် (Trucial Oman Scouts)ဟု ခေါ်သော စစ်တပ်အသေးစားကလေး တစ်ခုကို အသုံးပြု၍ ငြိမ်းချမ်းရေး ထိန်းသိမ်း ခဲ့ကြသည်။
၁၉၅၅ ခုနနှစ် အိုမန်နှင့် အဘူဒါဘီ တို့အကြား တောင်ပိုင်းရှိ နယ်နိမိတ် တစ်ခုဖြစ်သည့် ဘူရိုင်မီ အိုအေစစ် (Buraimi Oasis) ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကြရာတွင် ဗြိတိသျှတို့က အဘူဒါဘီ ဘက်မှရပ်တည်ခဲ့သည်။ ၁၉၇၄ ခုနှစ် သဘောတူညီချက်ဖြင့် အဘူဒါဘီ နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ကြား နယ်စပ်အငြင်းပွားမှု ပြဿနာအား ဖြေရှင်းနိုင်ခဲ့သော်လည်း ထိုသဘောတူညီချက်မှာ အတည်မပြုရ သေးပေ။ အာရပ်စော်ဘွားများ ပြည်ထောင်စု နှင့် အိုမန်နိုင်ငံတို့ အကြားရှိ နယ်စပ်ကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။
၁၉၂၂ ခုနှစ်တွင် ဗြိတိသျှ အစိုးရမှ ထရူရှယ်နိုင်ငံ ခေါင်းဆောင်များ ထံမှ နိုင်ငံခြား ကုမ္ပဏီများအား လုပ်ပိုင်ခွင့် မပေးရန် တရားဝင်ကတိကိုရရှိခဲ့သည်။ ပါရှားတွင် ၁၉၀၈ မှစ၍လည်းကောင်း၊ မက်ဆိုပိုတေးမီးယားတွင် ၁၉၂၇ ခုနှစ်မှစ၍ လည်းကောင်း ရေနံ ရှာဖွေတွေ့ရှိခဲ့မှုကြောင့် သဘာဝအရင်းအမြစ်များ ထုတ်လုပ်ရန် အလားအလာရှိကြောင်း သိရှိခဲ့ရသဖြင့် ဗြိတိသျှတို့ ဦးဆောင်သော ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် အီရတ်ရေနံကုမ္ပဏီ ( IPC ) မှ ဒေသအား စိတ်ဝင်စားမှု ပြသခဲ့သည်။ နောင်တွင် BP ရေနံကုမ္ပဏီ ဖြစ်လာမည့် အင်ဂလို ပါရှား ရေနံကုမ္ပဏီ ( APOC ) မှ အိုင်ပီစီတွင် ရှယ်ယာ ၂၃.၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။ ၁၉၃၅ မှ စ၍ ကုန်းတွင်း ရေနံ ရှာဖွေရန် အတွက် ဒေသတွင်း ခေါင်းဆောင်များနှင့် သဘောတူညီမှု ရရှိခဲ့ပြီး IPC ၏ အပေါင်းအပါ ကုမ္ပဏီတစ်ခုဖြစ်သော ရေနံ ကွန်ဆက်ရှင်း လိမိတက်၏ ကိုယ်စား APOC မှ ပထမဆုံး အကြိမ် လက်မှတ် ရေးထိုးခဲ့သည်။ AOPC အနေနှင့် IPC မှတဆင့် လုပ်ကိုင်ရန် လိုအပ်သော အနီရောင်မျဉ်းကြောင်း သဘောတူညီချက်ကြောင့် ဒေသဖွံ့ဖြိုးရေးကို တစ်ဦးတည်း လုပ်ကိုင်ရန် မဖြစ်နိုင်ပေ။ PCL နှင့် ထရူရှယ် ခေါင်းဆောင်များ အကြားတွင် စာချုပ်အချို့ကို လက်မှတ်ရေးထိုးခဲ့ပြီး ပုလဲကုန်သွယ်မှု ပြိုလဲသွားပြီးနောက် ဆင်းရဲမှုနှင့် ကြုံတွေ့နေရသော ဒေသများ အတွက်အသုံးဝင်သော အကျိုးအမြတ်များကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ သို့သော် ခေါင်းဆောင်များ အနေနှင့်အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီရန်၊ ဘာရိန်း၊ ကူဝိတ်၊ ကာတာ နှင့် ဆော်ဒီအာရေဗျနိုင်ငံကဲ့သို့ ရေနံကြောင့် တိုးပွားလာသော ချမ်းသာမှုများကို လက်တွေ့ မြင်တွေ့နိုင်ရန်မူ ခဲယဉ်းနေသေးသည်။ အဘူဒါဘီရှိ ပထမဆုံး လွန်တွင်းကို IPC မှလုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည့် ထရူရှယ် ကမ်းရိုးတန်း ရေနံဖွံ့ဖြိုးရေး ကုမ္ပဏီ (PDTC ) မှ ၁၉၅၀ တွင် ရပ်စ်ဆာဒါ ၌စတင် တူးဖော်ခဲ့သည်။ ပေပေါင်း ၁၃,၀၀၀ နက်သော လွန်တွင်းနက် ဖြစ်ပြီး ၁ နှစ်မျှ ကြာအောင် တူးဖော်ခဲ့သော်လည်း ရေနံ မတွေ့ရှိခဲ့ပဲ ထိုခေတ်အခါက များပြားလှသော ကုန်ကျစရိတ်ဖြစ်သည့် စတာလင်ပေါင်တစ်သန်း မျှ ကုန်ကျခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ဘီပီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော DRC ရေနံရှာဖွေရေး ကုမ္ပဏီသည် အဘူဒါဘီနယ် အုပ်ချုပ်သူများထံမှ ကမ်းလွန် ရေနံရှာဖွေခွင့်ကို ရရှိခဲ့သည်။ BP သည် နောင်တွင် တိုတယ်လ်(TOTAL) ကုမ္ပဏီ ဖြစ်လာမည့် ပြင်သစ် ရေနံကုမ္ပဏီနှင့် ပူးပေါင်းကာ လုပ်ငန်းဆောင်ရွက်ရေး ကုမ္ပဏီများဖြစ်သော အဘူဒါဘီ ပင်လယ်ဒေသ လိမိတက် (ADMA) နှင့် ဒူဘိုင်း ပင်လယ် ဒေသ လိမိတက် (DUMA) တို့ကိုဖွဲ့စည်းခဲ့သည်။ ပင်လယ်ရေအောက် ရေနံ ရှာဖွေရေး လုပ်ငန်းအများအပြားကို ဆောင်ရွက်ခဲ့ပြီး နာမည်ကျော် ပင်လယ်ပြင်စူးစမ်းရှာဖွေလေ့လာသူ ယက် ကော်စတူး (Jacques Cousteau) ဦးဆောင်သည့် လုပ်ငန်းတစ်ခုလည်း ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရေပေါ် ပလက်ဖောင်း ရေနံတူးစင်တစ်ခုကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှ ဆွဲယူလာခဲ့ပြီး အဘူဒါဘီ ရေပိုင်နက် အမ်းရှိတ် ပုလဲကွင်း (Umm Shaif Pearl Bed) အပေါ်တွင် နေရာချထားကာ ရေနံတူးဖော်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ မတ်လတွင် သာမာမာ (Thamama) အပေါ်ပိုင်းတွင် ပထမဆုံး ရေနံတွေ့ရှိခဲ့ပြီး ထိုကျောက်ဖြစ်တည်မှု မှတဆင့် တန်ဖိုးရှိသော ရေနံရှာဖွေ တွေ့ရှိမှု အမြောက်အမြားကို ရှာဖွေတွေ့ရှိစေခဲ့သည်။ ထိုတွေ့ရှိမှုမှာ ထရူရှယ် ကမ်းရိုးတန်းတွင် ပထမဆုံး စီးပွားဖြစ် ရှာဖွေတွေ့ရှိမှု ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် ပထမဆုံး ရေနံ တင်ပို့နိုင်ခဲ့သည်။ ADMA သည် ဇာကွန်(Zakum) နှင့် အခြားဒေသများတွင် ကမ်းလွန်ရေနံများ ဆက်လက် တွေ့ရှိခဲ့ပြီး အခြားကုမ္ပဏီများမှလည်း စီးပွားဖြစ် ရေနံတွင်းများဖြစ်သော ဒူဘိုင်းကမ်းလွန်ရှိ ဖာတေး(Fateh) ရေနံတွင်း နှင့် ရှာဂျာကမ်းလွန် မူဘာရက် ရေနံတွင်း (အီရန်နှင့် ဝေစုခွဲ) တို့ကို တွေ့ရှိခဲ့သည်။
PDCT မှလည်း ကုန်းတွင်း ရေနံရှာဖွေရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဆက်လက်တူးဖော်သော လွန်တွင်းနက် ၅ ခုမှလည်း ရေနံ မတွေ့ရှိခဲ့ပေ။ သို့သော်လည်း ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၇တွင် တာရစ်ဖ်(Tarif) အနီး ကမ်းရိုးတန်းဒေသ မာဘန် (Murban) အမှတ် ၃ တွင်းမှ စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် ရေနံပမာဏကို တွေ့ရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် PDTC သည် အဘူဒါဘီ ရေနံ ကုမ္ပဏီ ဖြစ်လာခဲ့သည်။ ရေနံမှ ရရှိသော ဝင်ငွေများပြားလာသည်နှင့်အမျှ အဘူဒါဘီအား အုပ်ချုပ်သူ ဇာယတ် ဘင် စူလတန် အယ်လ် နာဟာယန်း (Zayed bin Sultan Al Nahyan) မှ ဆောက်လုပ်ရေး လုပ်ငန်းအများပြားကို လုပ်ဆောင်ခဲ့ပြီး ကျောင်းများ၊ လူနေအိမ်များ၊ ဆေးရုံများ နှင့် လမ်းများကို ဆောက်လုပ်ခဲ့သည်။ ၁၉၆၉ ခုနှစ် ဒူဘိုင်း ရေနံတင်ပို့မှု စတင်ခဲ့ပြီးနောက် ဒူဘိုင်းနယ်အုပ်ချုပ်သူ စော်ဘွား ရာရှစ် ဘင် ဆာအိ အယ် မတ်တွန်း ( Rashid bin Saeed Al Maktoum) မှ အကန့်အသတ်ရှိသော ရေနံအရင်းအမြစ်မှ ရရှိသော ဝင်ငွေများဖြင့် ခေတ်သစ် ကမ္ဘာ့မြို့တော် ဖြစ်လာမည့် ဒူဘိုင်း အတွက် လိုအပ်သော အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှုများကို စတင်လုပ်ဆောင်ခဲ့သည်။
လွတ်လပ်ရေးရခြင်း(၁၉၇၁)
၁၉၆၆ ခုနှစ်တွင် ဗြိတိသျှ အစိုးရ အနေနှင့် ယနေ့ခေတ် အာရပ်စော်ဘွားများ ပြည်ထောင်စု ဖြစ်လာမည့် ဒေသများကို ဆက်လက် အုပ်ချုပ်ရန်နှင့် ကာကွယ်ရန် မတတ်နိုင်တော့ကြောင်း ထင်ရှားလာခဲ့သည်။ ဗြိတိသျှ ပါလီမန် အမတ်များမှ တော်ဝင်ရေတပ်မတော် အနေနှင့် ထရူရှယ် စော်ဘွားနယ်များကို ကာကွယ်ရန် ပြင်ဆင်ထားမှုများနှင့် ပတ်သက်၍ ငြင်းခုံ ဆွေးနွေးခဲ့ကြသည်။ ကာကွယ်ရေး ဝန်ကြီး ဒဲနစ် ဟေလီမှ ဗြိတိသျှ စစ်တပ်များသည် အ လွန်အမင်း ဖြန့်ကျက်ထားသဖြင့် ထရူရှယ် စော်ဘွားနယ်များကို ကာကွယ်ရန် အတွက်လည်း လက်နက် ပြည့်စုံစွာ မရှိကြောင်း အစီရင်ခံ တင်ပြခဲ့သည်။ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဗြိတိန် ဝန်ကြီးချုပ် ဟာရိုးလ် ဝီလ်ဆင် က ထရူရှယ် စော်ဘွားနယ် ၈ ခု နှင့် အတူ ဗြိတိသျှတို့၏ ကာကွယ်စောင့်ရှောက်မှု အောက်တွင် ရှိနေသော ဘာရိန်းနိုင်ငံ နှင့် ကာတာနိုင်ငံ တို့ကိုပါ သဘောတူစာချုပ် အရ ဆက်ဆံရေးကို အဆုံးသတ်ကြောင်း ကြေညာခဲ့ပြီး ၁၉၇၁ ခုနှစ် မတ်လတွင် ဝန်ကြီးချုပ် အက်ဒ်ဝပ် ဟိသ်မှ ထပ်မံ အတည် ပြုခဲ့သည်။ ကြေညာချက်ထုတ်ပြန်ပြီးနောက် ရက်အနည်းငယ် အကြာတွင် အဘူဒါဘီနယ်ကို အုပ်ချုပ်သူ စော်ဘွား ဇာယတ်ဘင် စူလ်တန် အယ်လ် နာဟာယန်းက ၎င်းတို့၏ အားနည်းချက်ကို သိရှိ ကြောက်ရွံ့သဖြင့် ဗြိတိသျှ တပ်များကို အီမရိတ် တွင် ထားရှိသည့် အတွက် ကုန်ကျသည့် စရိတ်အားလုံးကို ကျခံပေးပါမည်ဟု ကမ်းလှမ်း၍ ဗြိတိသျှတို့အား ကာကွယ်စောင့်ရှောက်မှု စာချုပ်ကို ဆက်လက် ထိန်းသိမ်းရန် စည်းရုံးခဲ့သည်။ ဗြိတိသျှ လေဘာ အစိုးရမှ ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။ ဗြိတိသျှ လေဘာပါတီ အမတ် ဂေါ်ရွန်ဝီ ရောဘတ်မှ စော်ဘွားဇာယတ်အား ဗြိတိသျှတို့၏ တပ်များ ရုပ်သိမ်းမည်ကို အကြောင်းကြားပြီးနောက် ပါရှန်းပင်လယ်ကွေ့ရှိ စော်ဘွားနိုင်ငံ ၉ ခုမှ အာရပ်စော်ဘွားများ၏ ပြည်ထောင်စုကို တည်ထောင်ရန် ကြိုးစားခဲ့သော်လည်း ၁၉၇၁ ခုနှစ် ဒီဇင်ဘာတွင် ဗြိတိသျှတို့နှင့် စာချုပ်အရ ဆက်ဆံရေး ကုန်ဆုံးမည်ဖြစ်သော်လည်း နှစ်လည်ပိုင်း အထိ ပြည်ထောင်စုနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို သဘောတူညီမှု မရနိုင်ခဲ့ပေ။
ခုခံနိုင်စွမ်း မရှိခြင်းအတွက် ကြောက်ရွံ့နေမှုများမှာ လွတ်လပ်သောနိုင်ငံအဖြစ် မရပ်တည်မီ ရက်များတွင် ပိုမိုသိသာထင်ရှား လာစေခဲ့သည်။ အီရန်ဖျက်သင်္ဘောအုပ်စုမှ ပင်လယ်ကွေ့အောက်ပိုင်းတွင် စုစည်းပြီး တွန်းဘ် (Tunb islands) ကျွန်းများဆီသို့ ဦးတည်မောင်နှင် လာခဲ့သည်။ ထိုကျွန်းများကို အဓမ္မသိမ်းယူခဲ့ပြီးနောက် အရပ်သားများနှင့် အာရပ်စစ်သားများအား ထွက်ပြေးခွင့် ပေးခဲ့သည်။ ထိုကျူးကျော်မှုများ ဖြစ်ပွားနေစဉ်တွင် ဗြိတိသျှ စစ်သင်္ဘောများမှာ မည်သို့မျှ အရေးယူခြင်း မရှိပဲ ရပ်ကြည့်နေခဲ့သည်။ ဖျက်သင်္ဘောအုပ်စုသည် အဘူမူဆာ (Abu Musa) ကျွန်းသို့လည်း ချဉ်းကပ်လာခဲ့သည်။ ထိုအချိန်တွင် စော်ဘွား ခါလစ် ဘင် မိုဟာမက် အယ်လ် ကာဆီမီ ( Khalid bin Mohammed Al Qasimi ) က ၎င်း၏ တပ်များ အနေနှင့် ကျူးကျော်လာသော အီရန်တပ်များကို တွန်းလှန်ရန် မဖြစ်နိုင်မှန်း သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ထိုကျွန်းအား အီရန်သို့ တစ်နှစ်လျှင် ၃ သန်းဖြင့် ငှားရမ်းခဲ့သည်။ ထိုအချိန်တွင် ဆော်ဒီအာရေဗျမှ အဘူဒါဘီရှိ ကမ်းမြောင်များကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု တောင်းဆိုခဲ့သည်။
ဘာရိန်း နိုင်ငံသည် ၁၉၇၁ ခုနှစ် ဩဂုတ်လတွင် ၎င်း၊ ကာတာနိုင်ငံမှာ စက်တင်ဘာလတွင်၎င်း လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ဗြိတိသျှ နှင့် ထရူရှယ် စော်ဘွားနယ်များ အကြား သဘောတူ ချုပ်ဆိုထားသော စာချုပ် သက်တမ်း ကုန်ဆုံးသွားသည့် အခါတွင် ထိုနိုင်ငံများမှာ အပြည့်အဝ လွတ်လပ်သော နိုင်ငံများ ဖြစ်လာခဲ့သည်။ အဘူဒါဘီ နှင့် ဒူဘိုင်းတို့ကို အုပ်ချုပ်သော စော်ဘွားနှစ်ဦးမှာ ၎င်းတို့ စော်ဘွားနယ် နှစ်ခုပေါင်းစပ်၍ ပြည်ထောင်စု တစ်ခုကို တည်ထောင်ခဲ့ပြီး အခြေခံ ဥပဒေတစ်ခုကို ရေးဆွဲခဲ့ပြီးနောက် အခြားစော်ဘွားနယ် ၅ ခုမှ အုပ်ချုပ်သူများကိုလည်း အစည်းအဝေး ဖိတ်ခေါ်၍ ပြည်ထောင်စုသို့ ပေါင်းစည်းဝင်ရောက်ရန် ကမ်းလှမ်းခဲ့သည်။ ထိုစော်ဘွားနယ် နှစ်ခု အနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် အပြီးရေးဆွဲရန် သဘောတူထားခဲ့သည်။ ထိုနေ့တွင်ပင် ဒူဘိုင်း ဧည့်ဆောင် နန်းတော်၌ အခြား စော်ဘွားနယ် လေးခုမှလည်း အာရပ်စော်ဘွားများ ပြည်ထောင်စု ဟုခေါ်တွင်သော ပြည်ထောင် စုသို့ ပေါင်းစည်း ဝင်ရောက်ရန် သဘောတူညီခဲ့ကြသည်။ ဘာရိန်းနိုင်ငံနှင့် ကာတာနိုင်ငံတို့မှ ပြည်ထောင်စုသို့ ပူးပေါင်းဝင်ရောက်ရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သည်။ ၁၉၇၂ ခုနှစ် အစောပိုင်းတွင် ရပ်စ်-အယ်လ်-ခိုင်းမား မှ ပြည်ထောင်စုသို့ ပေါင်းစည်း ဝင်ရောက်ခဲ့သည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖက်ဒရယ် အမျိုးသားကောင်စီကို ဖွဲ့စည်းခဲ့ပြီး ထိုကောင်စီမှာ အုပ်ချုပ်သူ ၇ ဦးမှ ခန့်အပ်ထားသော အဖွဲ့ဝင် ၄၀ ဦး ပါဝင်သည့် အတိုင်ပင်ခံ အဖွဲ့ ဖြစ်သည်။ ယူအေအီးမှ အာရပ်နိုင်ငံများ အသင်းသို့ ၁၉၇၁ တွင် ဝင်ရောက်ခဲ့သည်။ ယူအေအီးသည် ၁၉၈၁ ခုနှစ် မေလတွင် ဖွဲ့စည်းသည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီကို စတင်ဖွဲ့စည်းရာတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အဘူဒါဘီမှ ပထမဆုံး ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် အီရတ်နိုင်ငံမှ ကူဝိတ်နိုင်ငံအား ကျူးကျော်ဝင်ရောက်သည့် အခါတွင် ယူအေအီးတပ်များမှ အီရတ်ကို တိုက်ခိုက်သော မဟာမိတ်များနှင့် ပူးပေါင်းခဲ့သည်။
၂၀၂၀ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ၇၃ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးသည် ရောဂါအတွက် အပြုသဘောဖြင့် စမ်းသပ်ခံခဲ့ရသောကြောင့် COVID-19 ကူးစက်ရောဂါကို ယူအေအီးသို့ ရောက်ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ နှစ်လကြာပြီးနောက် မတ်လတွင် အစိုးရက ဈေးဆိုင်များ၊ ကျောင်းများနှင့် ဝတ်ပြုရာနေရာများကို ပိတ်ပစ်ရန် ကြေညာခဲ့ပြီး အပြင်မထွက်ရ အမိန့်သတ်မှတ်ထားသည့်အပြင် အာရပ်နိုင်ငံမှ ခရီးသည်တင်လေယာဉ်အားလုံးကို ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ ရလဒ်အနေဖြင့် ယူအေအီး ၏ ဖက်ဒရယ် အေဂျင်စီ များ ၏ ၅၀ ရာခိုင်နှုန်း ကျော် ပေါင်းစည်းမှုကို ဦးတည်ခဲ့သော အဓိက စီးပွားရေးကျဆင်းမှု တစ်ခုဖြစ်ခဲ့သည်။
ဩဂုတ်လ ၂၉ ရက်နေ့တွင် ယူအေအီးသည် အစ္စရေးနိုင်ငံနှင့် သာမန်သံတမန်ရေးရာဆက်ဆံရေးကို တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏အကူအညီဖြင့် အီဘရာဟမ်သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။
နိုင်ငံ အကျယ်အဝန်းနှင့် နယ်မြေအပိုင်းအခြား
Flag | Emirate | Capital | Population | Area | |||
---|---|---|---|---|---|---|---|
2018 | % | (km2) | (mi2) | % | |||
Abu Dhabi | Abu Dhabi | 2,784,490 | 29.0% | 67,340 | 26,000 | 86.7% | |
Ajman | Ajman | 372,922 | 3.9% | 259 | 100 | 0.3% | |
Dubai | Dubai | 4,177,059 | 42.8% | 3,885 | 1,500 | 5.0% | |
Fujairah | Fujairah | 152,000 | 1.6% | 1,165 | 450 | 1.5% | |
Ras al-Khaimah | Ras al-Khaimah | 416,600 | 4.3% | 2,486 | 950 | 3.2% | |
Sharjah | Sharjah | 2,374,132 | 24.7% | 2,590 | 1,000 | 3.3% | |
Umm al-Quwain | Umm al-Quwain | 72,000 | 0.8% | 777 | 300 | 1% | |
UAE | Abu Dhabi | 9,599,353 | 100% | 77,700 | 30,000 | 100% |
Comments
Post a Comment